ကရိုင်းပူလီကီးထိုင်တွေ ဘာကြောင့်လည်ရသလဲ?
========================
ကရိုင်းကီးထိုင်တွေ လည်သွားတယ်ဆိုတာ
ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဥ်လေးတစ်ခုပါ။
သို့ပေမယ့် ဒီလိုမဖြစ်အောင်ဘယ်လို
သတိထားသင့်သလဲ စဥ်းစားကြည့်ရအောင်။
အရင်ဦးဆုံး ကရိုင်းပူလီကီးက
ဘာဖြစ်လို့လည်သွားလဲ စဥ်းစားကြည့်ရင်...
ပူလီလည်တဲ့အချိန်မှာ ရုန်းအားက
ကရိုင်းမှာမရှိတော့ပဲ ကီးပေါ်မှာသာလျှင်
သက်ရောက်မှုရှိသွားတဲ့အတွက်ကြောင့်ပါ။
ဘာကြောင့် ကီးပေါ်သက်ရောက်မှုရှိသွားလဲဆိုတော့ ကရိုင်းပူလီကို ဆွဲတင်းတဲ့နပ်လျော့သွားလို့ပဲ။
ကရိုင်းပူလီနပ် လျော့သွားတဲ့အတွက် ပူလီရဲ့
ရုန်းကန်အားသည် ကရိုင်ရှပ်ပူလီထိုင်နဲ့ ထိတွေ့မှု
အားနည်းပြီး ပူလီကီးကိုသာလျှင် အားပြုရုန်းကန်တဲ့အတွက် ကြာလာတော့ ဆောင့်ဆောင့်ပြီးရုန်းနေရတယ်။
အဲ့လိုဆောင့်ဆောင့်ရုန်းရင်း ပူလီနဲ့ကရိုင်းရှပ်ရဲ့ ပွတ်တိုက်မှုအပူချိန်ကြောင့် ကရိုင်းပူလီထိုင်နေရာ၊ ကရိုင်းကီးနှင့် ပူလီအတွင်းကီးလိုင်း စသဖြင့် တဖြည်းဖြည်း ပွတ်စားခြင်းရ၍ ကရိုင်းပူလီကီးလည်သွားတဲ့အထိပါ ဖြစ်လာပါတော့တယ်။
အဲ့လိုမဖြစ်ရလေအောင် ဘယ်လိုဂရုစိုက်သင့်သလဲဆိုတာ ဆက်ပြီးပြောပြပါ့မယ်။
အင်ဂျင်ကိုင်ထားပြီးသားပဲဖြစ်ဖြစ်
ပီနံကျအင်ဂျင်အလုံးလိုက် တင်လိုက်တာပဲဖြစ်ဖြစ်
ကရိုင်းပူလီနပ်ကိုတော့ မကြာမကြာစစ်ဆေးသင့်ပါတယ်။
ဥပမာ အင်ဂျင်ဝိုင်လဲတဲ့အခါမျိုး
အင်ဂျင်ကို တစ်ခုခုလိုအပ်တာ ပြုပြင်တာမျိုးတို့ဆို သတိထားပြီး ကရိုင်းပူလီနပ်ကို စစ်ဆေးလို့ရပါတယ်။
ဒါကိုစစ်လိုက်တာက ၅ မိနှစ်အပြင် မကြာပါဘူး။
မဟုတ်ရင်တော့ အင်ဂျင်ကမောင်းနေရင်းတန်းလှန်း ကရိုင်းပူလီကီးချော်သွားပါက ပြန်လည်ပြုပြင်ရတာ အခက်အခဲရှိလို့ပါ။
ဘာလို့လဲဆိုတော့ ကီးထိုင်ကိုစိတ်ချသေချာအောင် ပြုပြင်မယ်ဆို ကရိုင်းကိုဖြုတ်ရပါလိမ့်မယ်။ ကရိုင်းဖြုတ်ရတဲ့အတွက် တခြားဆက်စပ်တဲ့ဟာတွေပါ ဖြုတ်ရတော့မှာပါ။
အဲ့ဒီအခါကျရင် အင်ဂျင်ကမကျသေးပဲ ကရိုင်းဖြုတ်ရတဲ့အတွက် ကုန်ကျစရိတ်တွေလည်း ရှိလာနိုင်ပါတယ်။
အဲ့ဒါကြောင့် ကရိုင်းပူလီနပ်ကို သတိထားပြီး ဂရုစိုက်မယ်ဆို ကီးလည်တဲ့ပြဿနာကနေ အတော်လေး ကင်းဝေးစေမှာဖြစ်ပါတယ်။
ကရိုင်းပူလီကီးလည်တတ်သောအဖြစ်များ...
# ကရိုင်းပူလီနပ်လျော့ခြင်း။
# ကရိုင်းပူလီ အလိုင်းမင်းမမှန်ခြင်း။
# ကရိုင်းနဲ့ ပူလီကဖီတင်မဖြစ်ပဲ ချောင်နေခြင်း။
# ကရိုင်းပူလီနပ်တပ်ရာတွင် တင်းအားလျော့ခြင်း။
# ကရိုင်းပူလီနပ်ကို ကြပ်ဖို့ရာမေ့လျော့သွားခြင်း။
စသဖြင့်...စသဖြင့် ဖြစ်နိုင်ချေရှိပါတယ်။
ဒါလေးကတော့ ကရိုင်းပူလီကီး ဘာကြောင့်လည်သွားရသလဲဆိုတာ ဆက်စပ်တွေးမိပုံလေးကို မျှဝေပေးတာဖြစ်ပါတယ်။
လိုအပ်ချက်တွေရှိခဲ့ရင်လည်း ကျွန်တော့်ရဲ့လေ့လာမှု အားနည်းချက်ကြောင့်သာဖြစ်ပါတယ်။