Fuse ဆိုသည်မှာ အမှန်စင်စစ် Wire ကြိုးငယ်လေးတစ်ချောင်းပင် ဖြစ်ပါသည်။ထို Wire ကြိုးလေးကို အလုံပိတ်ထားသော အိမ်ငယ်လေးအတွင်း ထည့်သွင်းတည်ဆောက်ထားခြင်း ဖြစ်သည်။အတွင်းရှိ Wire ကြိုး၏ လုံးပတ် Diameter အပေါ်မူတည်ပြီး Ampere ကွဲပြားစွာ ရှိပါသည်။Diameter ကြီးလျှင် Ampere တန်ဖိုးများမည် ဖြစ်ပြီး Diameter ငယ်လျှင် Ampere တန်ဖိုးငယ်မည် ဖြစ်သည်။သက်ဆိုင်ရာ Ampere တန်ဖိုးများကို ၄င်းတို့၏ ကိုယ်ထည်ပေါ်တွင် တွေ့မြင်နိုင်သည်။ထိုအခြေနေကို ကြည့်ခြင်းအားဖြင့် မိမိတို့ လိုအပ်သော Ampere တန်ဖိုးကို ရွေးချယ် ဝယ်ယူပြီး အသစ်လဲ တပ်ဆင်နိုင်သည်။
Fuse ကို Circuit ပတ်လမ်းများတွင် ဘာကြောင့် အသုံးပြုကြသလဲဆိုရင် အကြောင်းအမျိုးမျိုးကြောင့် Short Circuit ဖြစ်ပေါ်သွားသောအခါ အတွင်းရှိ Component များ မပျက်စီးစေရန် အတွက် အသုံးပြုခြင်းပင်ဖြစ်သည်။Circuit ပတ်လမ်းတွင် သတ်မှတ် Ampere ကျော်လွန်သွားသောအခါ Fuse သည် ပျက်စီးသွားသောနည်းဖြင့် Component များပျက်စီးခြင်းကို ကာကွယ်လိုက်ခြင်း ဖြစ်သည်။ထို့ကြောင့် Fuse ကို Protection Device ဟုလည်း ခေါ်ဆိုနိုင်ပါသည်။
Fuse ကို တပ်ဆင်အသုံးပြုသောအခါ ပတ်လမ်းတွင် Overload ဖြစ်ပေါ်ချိန် ကာကွယ်ရန်အတွက် သင့်တော် Ampere ကို ရွေးချယ်ရပါမည်။အကယ်၍ Fuse ၏ Ampere တန်ဖိုးသည် ပတ်လမ်းရှိ Ampere ထက်ပို၍ ကြီးနေပါက Protection ပြုလုပ်နိုင်မည် မဟုတ်ပါ။ထို့ကြောင့် Fuse ပျက်စီးသွား၍ အသစ်လဲ တပ်ဆင်မည်ဆိုပါက အဆိုပါ မူလ Original Fuse ၏ Specification အတိုင်း ရွေးချယ်တပ်ဆင်ရမည် ဖြစ်ပါသည်။
Fuse ပြတ်တောက်သွားသောအခါ နီးစပ်ရာ Wire ကြိုးဖြင့် အစားထိုးတပ်ဆင်ပြီး အသုံးပြုနေကြသည်ကို တွေ့မြင်နေရသည်။အကယ်၍များ မိမိတို့ အစားထိုးတပ်ဆင်လိုက်သော နီးစပ်ရာ Wire ကြိုးက မူလ Fuse ၏ Wire ထက် အရွယ်အစား ကြီးမားနေပါက Circuit ပတ်လမ်းသည် အလုပ်လုပ်နိုင်သော်ငြားလည်း အကြောင်း အမျိုးမျိုးကြောင့် ပတ်လမ်းတွင် Short Circuit ဖြစ်ပေါ်ပါက အတွင်းရှိ Component များကို ကာကွယ်နိုင်မည် မဟုတ်ပါ။ဥပမာ အနေဖြင့် မူလ Original Fuse ၏ Ampere သည် 1A ဖြစ်ပြီး အလွယ်အစားထိုးပြုလုပ်လိူက်သော နီးစပ်ရာ Wire က 2A ခန့်ဖြစ်နေမည်ဆိုပါက Component များ အလွယ်တကူ ပျက်စီးနိုင်သည်။Component များ ပျက်စီးသွားခြင်းကြောင့် ပြန်လည် ပြုပြင်ရသောအခါ လုပ်ငန်းတွင် Delay ဖြစ်ခြင်း ၊ ကုန်ကျစရိတ်များခြင်း ၊ အစားထိုးရန်အတွက် လိုအပ်သော Component များ ဝယ်ယူဖို့ရန် ခက်ခဲနိုင်ခြင်း အစရှိသော ပြသနာ ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် Fuse သည် Electronic တွင် ဖြစ်စေ Electrical တွင်ဖြစ်စေ အလွန်ပင် အသုံးဝင်သော Protection Device ဖြစ်သောကြောင့် ပျက်စီးသွားသောအခါ မူလ Fuse ၏ တန်ဖိုးအတိုင်း တပ်ဆင်ရန် သင့်တော်ကြောင်း ရေးသားလိုက်ပါသည်။